ဒီနေ့ညရဲ့(၁၁)နာရီအချိန်မှာ အက်အေဖလားဗိုလ်လုပွဲအဖြစ် အာဆင်နယ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့က လန်ဒန်ဒါဘီဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲစဉ်လည်းဖြစ် ပြိုင်ဆိုင်မှုပြင်းထန်တတ်လေ့ရှိတဲ့ လန်ဒန်အခြေစိုက် မြို့ခံအသင်းတို့ရဲ့ပွဲစဉ်ဖြစ်နေတာကြောင့် အတော်လေးကို အကြိတ်အနယ်ရှိခဲ့ပြီး အက်အေဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ အာဆင်နယ်အသင်းက (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ရကာ ဗိုလ်စွဲသွားခဲ့ရပါတယ်။

Photo Credit : Getty Image

အာဆင်နယ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ အူဘာမီယန်း လာကာဇက် ပေပေ မီလန်းနိုင်းစ် ချာကာ စီဘယ်ယို့စ် ဘယ်လာရင် တီယာနေး ဟိုးဒင်း ဒေးဗစ်လုဇ်နဲ့ မာတီနက်ဇ်တို့ ပါဝင်လာခဲ့ပြီး ချယ်လ်ဆီးအသင်းဘက်မှာကလည်း ဂျရှး ပူလီဆစ် မေဆန်မောင့် ဂျော်ဂျင်ဟို ကိုဗာဆစ် အလွန်ဆို ရီးစ်ဂျိမ်းစ် အက်စ်ပီလီကွယ်တာ ရူဒီဂါ ဇူးမားနဲ့ ကာဘယ်ရယ်လိုတို့ ပါဝင်လာခဲ့ပါတယ်။ ပွဲအစကတည်းက အာဆင်နယ်ခံစစ် အမှားတွေကြောင့် ချယ်လ်ဆီးဘက်ကနေ အခွင့်အရေးတွေ ရလာခဲ့ရပြီး ပထမပိုင်း (၅)မိနစ်အတွင်းမှာပဲ ပူလီဆစ်ရဲ့သွင်းဂိုးကြောင့် ချယ်လ်ဆီးတို့ သွင်းဂိုးစတင်ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် (၂၈)မိနစ်မှာ အူဘာမီယန်းကို အက်စ်ပီလီကွယ်တာ လိုက်လံဟန့်တားရင်း ပြစ်ဒဏ်ကျူးလွန်မိခဲ့တာကြောင့် အာဆင်နယ်တို့ ပင်နယ်တီရခဲ့ပြီး အူဘာမီယန်းကပဲ ပြန်လည်ချေပခဲ့ပါတယ်။

Photo Credit : Getty Image

ပထမပိုင်းအတွင်းမှာ အသင်းရဲ့အသင်းခေါင်းဆောင်နောက်ခံလူ ဒဏ်ရာရသွားခဲ့လို့ လူစားလဲခဲ့ရတဲ့ ချယ်လ်ဆီးအသင်းဟာ ဒုတိယပိုင်းအစမှာလည်း အသင်းရဲ့အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ပူလီဆစ်ပါ ဒဏ်ရာရသွားခဲ့အတွက် နောက်ထပ်လူစားလဲမှုကို ထပ်မံလုပ်ဆောင်လာခဲ့ရပြန်ပါတယ်။ ဒုတိယပိုင်းမှာ နှစ်သင်းလုံး အခွင့်အရေးတွေ အတူတူလောက်ရခဲ့ပေမယ့် အက်အေဖလားနဲ့ လမိုင်းကပ်နေတတ်တဲ့ အာဆင်နယ်ကပဲ အူဘာမီယန်းရဲ့သွင်းဂိုးနဲ့ ပွဲကိုဦးဆောင်လာခဲ့တဲ့အပြင် ပထမပိုင်းမှာ တစ်ဝါထိထားတဲ့ ကိုဗာဆစ်ကလည်း ဒုတိယပိုင်းမှာ နောက်တစ်ဝါထပ်ထိခဲ့လို့ ကစားသမားတစ်ယောက်လျော့သွားခဲ့ရပါတယ်။ ကစားသမားတစ်ယောက်လျော့သွားခဲ့တဲ့ ချယ်လ်ဆီးအသင်း ချေပဂိုးသွင်းယူနိုင်ဖို့ ခက်ခဲနေခဲ့တာကြောင့် အာဆင်နယ်ပဲ (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်စွဲသွားခဲ့ရပါတယ်။

The post လန်ဒန်ဒါဘီ အက်အေဗိုလ်လုပွဲမှာ အာဆင်နယ် အနိုင်ရဗိုလ်စွဲခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်ရရှိ appeared first on MySport Myanmar.