၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင်ကြရောက်သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၅ နှစ်ပြည့်မွေးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် “75 for 75th” အမည်ရ အွန်လိုင်းပန်းချီပြပွဲတစ်ခုကို အမျိုးသားပြတိုက် (ရန်ကုန်) က ယနေ့တွင် စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။ မြန်မာအမျိုးသမီးပန်းချီပညာရှင် ၇၅ ဦးတို့ ရေးဆွဲထားသည့် ပုံတူပန်းချီကားပေါင်း ၇၅ ကားကို ပြသထားသည့်အတွက် အဆိုပါအွန်လိုင်းပန်းချီပြပွဲ၏ အမည်ကို “75 for 75th” ဟု မှည့်ဆိုထားရခြင်းဖြစ်သည်။

ဤပြပွဲရှိ ပန်းချီကားများကို ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ ပဲခူး၊ ပြည်၊ ထားဝယ်နှင့် ဖြူး အစရှိသော မြန်မာနိုင်ငံအနှံ့အပြားမှ အမျိုးသမီးပန်းချီပညာရှင်များက ရေဆေး၊ ဆီဆေး၊ အက်ခရိုင်းလစ်၊ မီးသွေး၊ ခဲမှုန့် စသည်တို့ကို အသုံးပြု၍ ရေးဆွဲထားခြင်းဖြစ်သည်။ မူလက မွေးနေ့အထိမ်းအမှတ်ဂုဏ်ပြုပန်းချီပြပွဲအား ရန်ကုန်မြို့၊ ဒဂုံမြို့နယ်တွင်တည်ရှိသော အမျိုးသားပြတိုက် (ရန်ကုန်) တွင် ကျင်းပရန် ရည်ရွယ်ခဲ့သော်လည်း COVID-19 ရောဂါဖြစ်ပွားမှုကြောင့် အွန်လိုင်းပန်းချီပြပွဲ အဖြစ် ပြောင်းလဲပြသခဲ့ခြင်းဖြစ်သည်။ ပြပွဲတွင်ပါဝင်ပြသထားသောပန်းချီကားများကို အမျိုးသားပြတိုက် (ရန်ကုန်) ၏ Facebook စာမျက်နှာနှင့် website များတွင် စိတ်ဝင်စားသူ မည်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်ပြီဖြစ်ပါသည်။

အမျိုးသမီးပန်းချီပညာရှင် ၇၅ ဦးထဲမှ တစ်ဦးဖြစ်သော ဒေါက်တာခင်မေကြည်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၅ နှစ်ပြည့် မွေးနေ့ကို အခုလို ပန်းချီဆရာမ ၇၅ ဦး ပေါင်းပြီးဂုဏ်ပြုဖို့ ပန်းချီဆရာမဒေါ်စန်းလတ်နဲ့အတူ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကတည်းက စိတ်ကူးရခဲ့တာပါ။ ဒီလိုပြပွဲလုပ်နိုင်ဖို့ကိုတော့ နီးစပ်ရာ ပန်းချီမိတ်ဆွေ ၇၅ ဦးကို ဆက်သွယ်ခဲ့ပြီး အဆင်သင့်ဖြစ်ဖို့ကို တစ်နှစ်အချိန်ယူလုပ်ဆောင်ခဲ့ရပါတယ်။ ဒီပြပွဲဟာ အမျိုးသမီးပန်းချီပညာရှင်တွေရဲ့ အနုပညာတစ်ခုတည်းကိုသာပြသတဲ့ပွဲမဟုတ်ပဲ သူတို့ရဲ့ စုပေါင်းအင်အားနဲ့ ကြိုးပမ်းမှုကိုပါ ထုတ်ဖော်တဲ့ပွဲလည်း ဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါဖြစ်ပွားနေတဲ့ကြားက ကျွန်မတို့ပန်းချီကားတွေကို မရရအောင် အွန်လိုင်းပန်းချီပြပွဲအဖြစ် တာဝန်ယူခင်းကျင်းပြသပေးတဲ့ အမျိုးသားပြတိုက် (ရန်ကုန်) နဲ့ ဒီပွဲဖြစ်မြောက်အောင် အဘက်ဘက်မှ ကူညီပံ့ပိုးပေးကြသူများအားလုံးကို အထူးကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။

အမျိုးသားပြတိုက် (ရန်ကုန်) ၏ ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်းက “အမျိုးသားပြတိုက် (ရန်ကုန်) အနေနဲ့ ဒီလိုထူးခြားတဲ့ ပွဲလေးမှာ ပါဝင်ပံ့ပိုးခွင့်ရတဲ့အတွက် အလွန်ပဲဝမ်းမြောက်မိပါတယ်။ ဒီပန်းချီပြပွဲဟာ အမျိုးသားပြတိုက် (ရန်ကုန်) ရဲ့ ပထမဆုံးသော အွန်လိုင်းကကျင်းပတဲ့ ပန်းချီပြပွဲလည်းဖြစ်တာကြောင့် ကျွန်မတို့အနေနဲ့ ပိုပြီးအားစိုက်ထုတ်ထားပါတယ်။ ရှေ့လျှောက် new normal အနေအထားမှာ အံဝင်ခွင်ကျဖြစ်ဖို့အတွက် ပြတိုက်လှုပ်ရှားမှုတွေကို online platform တွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားနိုင်ဖို့ ကျွန်မတို့ ပြတိုက်ဝန်ထမ်းတွေက ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပြီး အများပြည်သူအနေနဲ့လည်း ကျွန်မတို့ရဲ့အားထုတ်မှုကို အသိအမှတ်ပြုအားပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုလိုပဲ အမျိုးသားပြတိုက် (ရန်ကုန်)နဲ့ လက်တွဲလုပ်ဆောင်ချင်သူတွေကိုလည်း ကျွန်မတို့က အမြဲလက်ကမ်းကြိုဆိုနေပါတယ်” ဟု ပြောကြားခဲ့သည်။

ပြည်သူများအနေဖြင့် ဤပန်းချီကားများကို ပြပွဲအားတရားဝင်ဖွင့်လှစ်လိုက်သည့် ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး တစ်နှစ်ပတ်လုံး အမျိုးသားပြတိုက် (ရန်ကုန်) ၏ Facebook: https://www.facebook.com/nationalmuseumyangon/ တွင်လည်းကောင်း ၎င်း၏ Website: https://www.nationalmuseumyangon.gov.mm/ တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

အမျိုးသားပြတိုက် (ရန်ကုန်) အကြောင်း

အမျိုးသားပြတိုက် (ရန်ကုန်) ကို မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၄ နှစ်အကြာ ၁၉၅၂ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနစတင်ပေါ်ပေါက်ပြီး မကြာမီတည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ သမိုင်းကြောင်းနှင့် ရှေးဟောင်းအမွေအနှစ်များ၊ ရိုးရာထုံးဓလေ့နှင့် လက်မှုအနုပညာများ၊ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများအကြောင်းကို လွန်ခဲ့သော နှစ်သန်းပေါင်း (၄၀) လူသားမျိုးနွယ်မပေါ်ပေါက်မီကပင် သမိုင်းမတင်မီခေတ်များကိုဖြတ်သန်းလျက် သမိုင်းတင်ပြီး ခေတ်အဆက်ဆက်အကြောင်းအရာထိ ခင်းကျင်းပြသထားသည့် ပြတိုက်ဖြစ်သည်။ ၁၉၇၀ ခုနှစ်တွင် မူလဂျူဗလီဟောနေရာမှ ပန်းဆိုးတန်းလမ်းသို့ ပြောင်းရွှေ့ခဲ့ပြီး ၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် လက်ရှိနေရာဖြစ်သော ဒဂုံမြို့နယ်၊ အမှတ် ၆၆/၇၄ သို့ ငါးထပ်အဆောက်အဦအသစ်အဖြစ် တည်ဆောက်ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။

The post မြန်မာအမျိုးသမီးပန်းချီပညာရှင် ၇၅ ဦးတို့ ပူးပေါင်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၅ နှစ်ပြည့်မွေးနေ့အားဂုဏ်ပြု appeared first on MyBiz Myanmar.