မိုဟာမက်ဆာလာ ဆာဒီယိုမာနေး ရောဘတ်တိုဖာမီနိုတို့ကို ပိုင်ဆိုင်ထားတဲ့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဒီတိုက်စစ်မှူး(၃)ဦးကိုကျော်ဖြတ်ပြီး နေရာတစ်ခုကို ပုံမှန်ပိုင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့်ပဲ အော်ရီဂီ မီနာမီနို ရှာကွီရီတို့လို တိုက်စစ်အားသန် ကစားသမားတွေကို အသင်းရဲ့တိုက်စစ်ပိုင်းမှာ ပွဲထွက်ခွင့်တွ နည်းပါးလာခဲ့ရတာဖြစ်ပြီး သိပ်အရေးမကြီးလှတဲ့ ပွဲစဉ်တွေလောက်ပဲ အသင်းအတွက် ကစားခွင့်ရခဲ့ပါတယ်။ အဲ့ဒီလိုတွေကြောင့် အခုဆိုရင် ဒီကစားသမားတွေဟာ လီဗာပူးလ်အသင်းကို စွန့်ခွာဖို့ ဟန်ပြင်လာခဲ့ကြပြီး ဒီထဲမှာ ဆွတ်ဇာလန်တောင်ပံကစားသမား ရှာကွီရီပါ အပါအဝင်ဖြစ်ပါတယ်။

Photo Credit : This is Anfield

အသက်(၂၈)နှစ်အရွှယ်ရှိ ဆွတ်ဇာလန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ရှာကွီရီဟာ ၂၀၁၈ခုနှစ်ကမှ စတုတ်စီးတီးအသင်းကနေ လီဗာပူးလ်အသင်းဆီကို ပေါင်(၁၃.၅)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ (၅)နှစ်စာချုပ်ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ဆုဖလားကြီးကို ပိုင်ဆိုင်ခဲ့သူဖြစ်ပေမယ့်လည်း အသင်းမှာ ပါဝင်နေတာ (၂)နှစ်နီးပါးအထိ ကြာမြင့်လုနီးပါး ရှိနေတာတောင်မှ အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၃၀)သာ ပါဝင်ထားခဲ့ရတာကြောင့် ပုံမှန်ပွဲထွက်ခွင့်တွေ ပြန်လည်ပိုင်ဆိုင်နိုင်ဖို့အတွက် လီဗာပူးလ်အသင်းကနေ ထွက်ခွာဖို့ကို စဉ်းစားလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Liverpool FC

ရှာကွီရီဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်မှာ (၆)ပွဲလေးပဲ ကစားခွင့်ရခဲ့ကာ ပြိုင်ပွဲစုံမှာလည်း(၁၀)ပွဲပဲ ကစားခဲ့ရပါတယ်။ ဒီရာသီမှာ စုစုပေါင်း(၂၅၆)မိနစ်ပဲ ကစားခဲ့ရထားတဲ့ ရှာကွီရီကို လာမယ့်ဘောလုံးရာသီမှာ ခေါ်ယူသွားဖို့အတွက် စပိန်လာလီဂါကလပ် ဆီဗီလာအသင်းဘက်ကနေ စိတ်ဝင်စားနေပြီး ပေါင်(၂၈)သန်းလောက်နဲ့ ကမ်းလှမ်းမှုတွေကို စတင်ပြုလုပ်ဖွယ်ရှိနေပါတယ်။ ရှာကွီရီဟာ လီဗာပူးလ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းအရ လာမယ့် ၂၀၂၃ခုနှစ်မှာပဲ ကုန်ဆုံးမှာဖြစ်ပေမယ့်လို့ လီဗာပူးလ်ဘက်ကနေလည်း ရှာကွီရီကို အသင်းကနေ ရောင်းထုတ်ဖို့ ဆန္ဒရှိနေတာကြောင့် ဆီဗီလာဘက်ကနေသာ သေချာကမ်းလှမ်းလာမယ်ဆိုရင် လက်ခံဖွယ်ရှိနေပါတယ်။ ရှာကွီရီလိုပဲ ကာရီးယက်စ် လယ်လာနာ ကလိုင်း အော်ရီဂီတို့မှာလည်း အသင်းကနေ အသီးသီးထွက်ခွာကြဖွယ်ရှိလို့နေကြပါတယ်။

The post လီဗာပူးလ်မှာ ပုံမှန်နေရာပျောက်ဆုံးနေတဲ့ ရှာကွီရီကို ပစ်မှတ်ထားလျက်ရှိနေတဲ့ ဆီဗီလာ appeared first on MySport Myanmar.